Sunday, February 9, 2014

အချစ်ကဗျာ.....

မဖြေရှင်းနိုင်တာမဟုတ်ပေမယ့်
ဖြေရှင်းချင်စိတ်တွေကုန်သွားရလောက်အောင်
တစ်ဖတ်သတ်စွဲချက်ကပြင်းထန်တယ်

မဟုတ်ဖူးလို့ငြင်းချင်ပေမယ့်
ငြင်းချင်စိတ်တွေအငွေ့ပျံသွားရလောက်အောင်
တစ်ဇွတ်ထိုးအပြုအမူတွေကစိတ်ကုန်စေတယ်

အဖြူရောင်ခင်မင်မှုတွေကို
နင်ကသပိတ်နက်ရောင်ဆိုးပစ်တယ်
စကားလုံးရင့်ရင့်တွေနဲ့ပစ်ပေါက်ပြီးမှ
နာသွားလားမေးတော့ငါအော်ရယ်ပစ်ရမှာလား

တောင်းပန်သတဲ့လား
စိတ်ဓါတ်တစ်ခုလုံးအောက်ခြေရောက်အောင်ဆွဲချ
သေရာပါမယ့်ဒဏ်ရာကြီးပေးပြီးမှ
အမှားတွေကိုခဝါချလို့ရမလား

ပြိုင်မျဉ်းတွေမှာဆုံမှတ်မရှိသလို
ကိုယ်စီယုံကြည်မှုတွေနဲ့နှလုံးသားတွေကလည်း
ဆုံဆည်းဖို့ဆိုတာမဖြစ်နိုင်တော့ဘူး

လွမ်းသလားလို့မမေးပါနဲ့
ပြန်ဖြေဖို့အားအင်မရှိတော့လို့ပါ.....

No comments:

Post a Comment