Friday, February 14, 2014

ကဗျာ.....့ကဗျာ...

ကျနော်ဒီရက်ထဲ ကဗျာရေးဖို့ခက်နေတယ်။

ဒီနှစ်ထဲနောက်ကျမှ ကျတဲ့နှင်းက
မရဏဖွားလားလို့
မြေကိုပုတ်ခတ်ပြီးမေးကြည့်လိုက်မိတယ်
ခြေတစ်လှမ်း လှမ်းတိုင်းမှာ
ကမ္ဘာက ဖဝါးအောက်ကပ်ပါလာသလို
ပင်လယ်ဆိုတာ အငန်ပေါ့တဲ့နေ့မှာ သေဆုံးသွားတယ်လို့
အော်ဟစ်ရင်း….။

ဒီရက်ထဲကျနော်ကဗျာရေးဖို့ခက်နေတယ်
မသူဇာရေ…
ခင်ဗျားကော ကျနော်လိုပဲ စီးနင်းလိုက်ပါနေရင်း
ဘီးပေါက်သွားတဲ့ ဝတ္ထုတစ်ပုဒ်လား
ကဗျာဆိုတာ ရင်ဘတ်ထဲရောက်မှခမ်းနားသွားတယ်ပဲပြောပြော
ကျနော်တော့ ဒီရက်ထဲ ကဗျာရေးဖို့သိပ်ခက်တာပဲ။
အတိုင်းအဆမရှိ မျှော်လင့်ချက်တွေကိုပဲ
ချွန်..ချွန်နေမိတယ်
ငါဟာလွတ်လပ်စွာရွေးချယ်ခွင့်မရှိတဲ့ အံစာတုံး
အကြွေစေ့လေးကိုခေါင်းပန်းလှန်ပြီး မင်းတို့ကော
ငါ့လို တစ် နှစ် သုံး
လေး ငါး ခြောက် ပဲလားဆိုတော့
အကြွေစေ့လေးက ခေါင်းခါပြပါတယ်
ခေါင်းလား ပန်းလား
ပန်းလား ခေါင်းလား။
မဇော်တစ်ယောက် ရန်ကုန်ပြန်သွားသည်
ကျနော်ကတော့ အငွေ့ပျံသွားသည်
ခရဇ်တော်၌အိပ်ပျော်သည်ဟု သတင်းစာထဲတွင်ဖတ်ဖူးသည်
ကျနော်ကတော့ ကုတင်ပေါ်တွင်အိပ်ပျော်သည်
စာသင်ခန်းထဲတွင်အိပ်ပျော်သည်
လူ့လောကတွင်အိပ်ပျော်သည်
အိပ်မက်ထဲတွင် အိပ်လို့ပျော်သည်။
လမင်းဖြူဖြူက လျှာဖျားပေါ်က သရဲသကြားလုံး
ခွန်စံလောနဲ့နန်းဦးပျဉ်က ဗယ်လင်တိုင်းမစားခဲ့တဲ့ သစ်သီး
အိပ်မက်တွေကို ရေနဲ့စင်အောင်ဆေး
ပြက္ခဒိန်မှာ မနေ့က ဒီနေ့ နဲ့ မနက်ဖြန်ပါရင်
ရက်စွဲမတပ်ဖို့ လုံလောက်သွားမလား
ကျနော် ဒီရက်ထဲကဗျာရေးဖို့သိပ်ခက်တာပဲဗျာ။
 
နေပိုင်

No comments:

Post a Comment