Tuesday, July 1, 2014

Promise

ကတိဆိုတဲ့အရာတွေ၊ သစ္စာဆိုတဲ့ စကားလုံးတွေဟာ လူနဲ့ လူချင်း မကင်းနိုင်တဲ့ ကျွန်တော်တို့ဘ၀မှာ ကင်းကွာလို့မရတဲ့ စကားလုံးတွေပေါ့။ ကျွန်တော့်အမြင်အရတော့ ခုနောက်ပိုင်းခေတ်တွေမှာ ကတိဆိုတဲ့ စကားအပေါ် ယုံကြည်ရမှုတွေ လျော့ပါးလာလို့ ထင်တယ်။ အရင်ခေတ်ကလို နှုတ် ကတိတွေ ထားဦး၊ နှုတ်တစ်ရာ စာတစ်လုံးပါဆိုတဲ့ စာချုပ်ဆိုတာတွေကိုပါ ဖောက်ဖျက်လာတာ တွေ့ရတယ်။ အဲဒီကနေ အကျိုးဆက်အဖြစ် ယုံကြည်မှုတွေ ပျောက်ဆုံးလာတယ်ပေါ့ဗျာ.... ကတိဆိုတဲ့ စကားလုံး ပြောတော့သာ လွယ်ပေ လှပေမယ့်၊ သူ့ရဲ့ နောက်ကွယ်က တာဝန်ယူမှု ဆိုတာကတော့ တော်တော့်ကို ခက်ခဲ့တဲ့ စကားလုံးပါ။ တစ်ခုခုကို ဖြစ်စေရပါမယ်ဆိုပြီး ဖြစ်အောင် လုပ်ပေးတယ်ဆိုတာ တာဝန်ယူမှုပါပဲ။ တာဝန်ယူမှု မရှိရင် ကျွန်တော်တို့ ပါးစပ်ကထွက်တဲ့ ကတိဆိုတဲ့ စကားလုံးဟာ တန်ဖိုးမဲ့သွားတော့မှာပါ။
ဒါကြောင့် ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့၊ တစ်ပါးသူအပေါ် သံသယတွေ ကြီးစိုးလာတဲ့ ယနေ့ခေတ် အခြေအနေမှာ ကတိထက် လုပ်ဆောင်ချက်နဲ့ သက်သေပြဖို့က ပိုပြီး အရေးကြီးလာပါတယ်။ တာဝန်ယူမှုဆိုတာ ကတိဆိုတဲ့ စကားလုံးတိုင်းရဲ့ နောက်ကွယ်မှာ ရှိကို ရှိသင့်ပါတယ်။ လူမှုဆက်ဆံရေးကို ပစ်ထားလို့ မရတဲ့ ကျွန်တော်တို့ရဲ့ ဘ၀တွေမှာလည်း ကတိက၀တ်တွေ၊ တာဝန်ယူမှုတွေ၊ ချိုးဖောက်မှုတွေဟာ တစ်နေ့မဟုတ် တစ်နေ့ ကြုံနေ၊ ကြားနေ၊ မြင်တွေ့နေရတဲ့ စကားလုံးတွေပါပဲ။
ကတိဆိုတာမှာ တာဝန်ယူမှုကို ပြောတဲ့အတွက် ကိုယ်ဘယ်လောက် လုပ်နိုင်တယ်ဆိုတာကို သိရမှ ကိုယ်ဘယ်လောက် ဖြစ်ရမယ်ဆိုတာကို ကတိပေးနိုင်မှာပါ။ ကျွန်တော်တို့ ဘ၀တွေမှာ ယုံကြည်မှု တည်ဆောက်ခြင်းဟာလည်း အရေးကြီးတာမို့ ပြောသလောက် လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဆုံးရှုံးသွားတဲ့ ယုံကြည်မှုဆိုတာတွေဟာ အနာဂတ်မှာ ဘယ်တော့မှ ပြန်မရနိုင်တဲ့ အရာတွေပါ။ ဘ၀မှာ အောင်မြင်မှု၊ ကြီးပွားတိုးတက်မှုအတွက် လိုအပ်တဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့၊ ကတိဆိုတဲ့ စကားလုံးနဲ့အတူ တာဝန်ယူမှုပါ တွဲလျက်လိုက်ပါနေမှ ဖြစ်မှာပါ။
ဥပဒေတွေ၊ ပြစ်ဒဏ်တွေဟာ ကတိချိုးဖောက်မှုအတွက် လုံလောက်တဲ့ အဟန့်အတားတွေ မဟုတ်ပါဘူးဆိုတာကို တိုးပွားလာတဲ့ ကတိဖျက်မှုတွေက သက်သေခံနေပါတယ်။ အဓိက ကတော့ လူတိုင်းဟာ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှ၊ မိမိစွမ်းဆောင်ရည်ကို အမှန်အတိုင်း သိမြင်ပြောပြနိုင်မှသာ ကတိတရားအပေါ် တာဝန်ယူမှုကို ပေးနိုင်မှာပါ။ အဓိက ကတော့ လုပ်နိုင်သလောက် လုပ်နိုင်သလောက်ပဲ ပြော၊ ပြောတဲ့အတိုင်းလုပ်၊ မသေချာဘဲ၊ မလုပ်နိုင်ဘဲ ပိုမပြောနဲ့ဆိုတဲ့ စကားသုံးခွန်းဟာ ကတိဆိုတဲ့ စကားလုံးအတွက် လုံလောက်မှာပါ........

အိမ့်(သိုးမဲလေး)

ရာသီပြောင်းချိန်

နှင်းဝေမှ မဟုတ်ပါဘူး
မိုးစက်တွေ မကြွေတော့တဲ့
ရာသီပြောင်းချိန် ရောက်တာနဲ့
ဆောင်း ဖြစ်ပါတယ်မောင်။
အတင်း မမုန်းခိုင်းပါနဲ့
အချစ်တွေ ကုန်ဆုံးလို့
မေတ္တာတွေ မျိုးတုံးသွားချိန်မှာ
မမုန်းနိုင်ရင်တောင်
အလိုလို မေ့ဖြစ်ပါလိမ့်မယ်။
မင့် ကစားပွဲတိုင်းအတွက်
ငါ့အချစ်တွေကို လောင်းကြေး ထပ်ခံခဲ့ရတာ
အသည်းမှာ အက်ကြောင်းထင်မှ
ငါ သိမြင်ခဲ့တယ်။
အချစ်မှာ အရှုံးအမြတ် မရှိဘူးလို့ ပြောကြပေမယ့်
အချစ်ကြီးတဲ့ ငါ အရှုံးကြီး ရှုံးခဲ့တာကိုတော့
ငါ့ မျက်ရည်တွေက အသိဆုံးဖြစ်မှာပါ။
တစ်ခါတလေ သတိရမိရင်တောင်
မင်း ကျေးဇူးကြောင့်
ငါ့အသည်း တဆစ်ဆစ် နာတုန်းရယ်။
တကယ်ပါ
အတင်း မမုန်းခိုင်းလိုက်ပါနဲ့
ဆောင်း မရှိတော့တဲ့အခါ
ရာသီပြောင်းချိန် ရောက်တာနှင့်
သူ့အလိုလို
နွေ ဆိုတာ ဖြစ်ပါတယ်ကွာ။